Local News

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် GACC တွင် မှတ်ပုံတင်ရမည်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) ၏ ကြေညာချက်အမှတ်(၂၄၈)နှင့်(၂၄၉) တို့အရ ၁-၁-၂၀၂၂ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်တင်ပို့မည့်/တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့်ရရှိမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကုန်စည်အမျိုးအစား (၄) ခု ဖြစ်သည့် အသားနှင့်အသားထုတ်ကုန်များ၊ ရေထွက်ကုန်များ၊ နို့ထွက်ပစ္စည်းများ၊ ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များနှင့် ကုန်စည်အမျိုးအစား (၁၄) ခု ဖြစ်သည့် အစာသွပ်ရန်အသုံးပြုသည့် အပေါ်ခွံအစွပ်၊ ပျားရည်နှင့်ပျားထွက်ပစ္စည်း၊ ဥနှင့်ဥထုတ်ကုန်များ၊ စားသုံးဆီ၊ အပြင်အသားအား ဂျုံသားဖြင့်ပြုလုပ်ထားပြီး စားသုံးနိုင်သည့် သို့မဟုတ် အေးခဲထားသည့် ထုတ်ကုန်များ၊ စားသုံးနိုင်သောအစေ့အဆံများ၊ ကြိတ်ခွဲသီးနှံထွက်ကုန်များနှင့် မုယောစပါး၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ ရေဓာတ်ထုတ်ထားသော ဟင်းသီးဟင်းရွက်များနှင့် ပဲခြောက်များ၊ အနံ့အရသာအတွက် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များ၊ အခွံမာသီးနှင့်အစေ့အဆံများ၊ သစ်သီးခြောက်များ၊ မလှော်ထားသောကော်ဖီနှင့် ကိုကိုးစေ့များ၊ အထူးအာဟာရအစားအသောက်များ၊ ကျန်းမာရေးဖြည့်စွက်စာများ စုစုပေါင်းကုန်စည်အမျိုးအစား (၁၈) အုပ်စုတို့ကို တရုတ်နိုင်ငံ၊ GACC တွင် မှတ်ပုံတင်ရမည်ဖြစ်ပါသည်။

ကုန်စည်အုပ်စုအလိုက် GACC တွင် မှတ်ပုံတင်နိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များမှာ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ဖြစ်ကြပါသည်။ အဆိုပါကုန်စည်အမျိုးအစား (၁၈) အုပ်စု၌ ပါဝင်ခြင်းမရှိသည့် ကုန်စည်များကို ထုတ်လုပ်/တင်ပို့မည့် လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက်အစီအစဉ်ဖြစ်သည့် https://cifer.singlewindow.cn သို့ ဝင်ရောက်၍ ကိုယ်တိုင် Account ဖွင့်လှစ်ကာ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်ပါသည်။

၁-၁၂-၂၀၂၁ ရက်နေ့မှ ၂၂-၇-၂၀၂၂ ရက်နေ့အထိ ကုမ္ပဏီ/စက်ရုံ (၈၉၈) ခုမှ ပေးပို့ထားသည့် စောင်ရေ စုစုပေါင်း (၁၆၄၃) စောင်အား မှတ်ပုံတင်ရန် လျှောက်ထားပြီးဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ကုမ္ပဏီ (၇၆၂) ခု၊ စောင်ရေ (၁၅၀၇) စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ/ စက်ရုံ (၁၁၇) ခု၊ စောင်ရေ (၁၁၇) စောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ (၁၂) ခု၊ စောင်ရေ (၁၂) စောင်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနမှ ကုမ္ပဏီ (၇) ခု၊ စောင်ရေ (၇) စောင် ဖြစ်ပါသည်။

အဆိုပါမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ အပါအဝင် ကုန်စည်များအား တရားဝင်တင်သွင်းနိုင်ရန် အတွက် GACC မှ မှတ်ပုံတင်ပေးပြီးဖြစ်သည့် လုပ်ငန်းများစာရင်းအား တရုတ်နိုင်ငံ၏ပြတင်းတစ်ပေါက်အစီအစဉ် https://ciferquery.singlewindow.cn/ ၌ ဖော်ပြထားပါသည်။

စန်းစန်းအေး (MYANTRADE)

Category: Local News